ဘ၀အသက်ရှင်ရပ်တည်မှု ငွေရတုကာကလွန်မြောက်
နှစ်ဘူတာခရီးရောက်ခြင်း အထိမ်းအမှတ်
ရင်ဘက်ကိုဖြန့်ခင်းပြီး နှလုံးသွေးနဲ့ ရေးချစ်လိုက်တဲ့အက္ခရာ

(၁)
မင်္ဂလာပါ
ကြင်နာစွာနှုတ်ဆက်တယ်
ကောင်းသောဆုတောင်းပတ္တနာ များစွာရဲ့
သက်ရောက်နွေးထွေးမှုနဲ့အတူ
ကနဦးညရဲ့
လောက ကန့်လန့်ကာ ကမ္ဘာသစ်ကို
နေမင်းရဲ့ ချစ်ခြင်းနဲ့ ဖွင့်လှစ်လိုက်ပြီ၊
ဖွင့်လှစ်ခြင်းသက်တမ်း ကုန်ဆုံး
ကာလတစ်ခု ပျက်သုဉ်းတဲ့အခါ
လောကဓမ္မတာ အရ
လမင်းရဲ့ ၀တ်ရုံလွှာ
ကမ္ဘာတစ်ခြမ်းမှာ
သေချာပါလိမ့် ဦးမယ်၊
လွန်ခဲ့တဲ့ ဘဝ
ကျွန်ခဲ့တဲ့ ညမှာ
သမုဒယလိပ်ပြာတွေလဲ ပျံဝဲခဲ့လိမ့်မယ်
တယုတယအိပ်ယာတွေလဲ အံခဲခဲ့လိမ့်မယ်
သောကပိဿာတွေလဲ ပြိုလဲခဲ့လိမ့်မယ်၊
လိပ်ပြာတွေပဲ ၀ဲခဲ့ဝဲခဲ့
စိတ်အစာတွေပဲ မဲခဲ့မဲခဲ့ပေါ့
မလွဲမသွေ ရောက်ရှိလာမယ့်
ဘ၀ရဲ့ မနက်ဖြန် အကယ်ဒမီပွဲမှာ
ပစ္စုပန်ဟာ..

ကလျာဖြစ်မလား ရင်နာဖြစ်မလား
ကဗျာဖြစ်မလား သင်္ခါဖြစ်မလား
တမင်တကာ ပစ်သွားတဲ့
အကြင်နာအချစ်များရဲ့ မျက်ကွယ်မှာ
ဖက်တွယ်စရာ အထိအတွေ့ကတော့ အများကြီး၊
(၂)
အရင်လိုလှတဲ့
အင်ဒိုမက သုံးဆယ်
တစ်နာရီ မိုက်ပြတဲ့
ကပြာကသီ ဗလချိုက်မက ငါးဆယ်။
ဟိုဟာဒီဟာ
ဘာဘာညာညာ မခေါ်ပေမဲ့
ဟာတာတာမျှော်နေတဲ့ ကက တွေလဲရှိတယ်၊
သြော်..
အမေပေးတဲ့ လယ်တစ်ကွက်
နိုင်ငံခြားမှာ ဈေးဖျက်
ဈေးကွက်တင် ထွန်ယက်
စိတ်ဓာတ်တွေ ကျွံထွက်နေကြပုံများပြောပါတယ်၊
တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့
ညစ်ကျယ်ကျယ်စိတ်ထားနဲ့
မလေးရှားကို ထွက်လာ
အရှက်ဆိုတာကို ဖက်နဲ့ထုတ်
အသက်နဲ့ လူလုပ်ဖြစ်တဲ့ အခါတိုင်း
ရပ်တည်မှု သမိုင်းကို မြေလှန်
ဘ၀ကို ရေဆန်တော့
ကြွေပြန်ပေါ့ နောက်တစ်ခါ
ရောက်မလာတဲ့ မျှော်လင့်ခြင်းများ
တောပြောင်းတာ သေချင်တဲ့ ကျား..
ကဲ ဘာလုပ်ကြမလည်း
တရုတ်မပါးရဲတော့ သမုတ်တဏှာရူး
ရှူးတိုက်လို့လဲ မဟောင်
မူးမိုက်လို့လဲ မကြောင်
ယောင်ချာချာ နုံအအ

ဟောင်ဖွာဖွာ ဘုံပြပြမှာ
ကြုံရသမျှ အပူနွေကဲ
ဆုံကြရ လူတွေထဲ
သူ့ကိုသူ ရွှေ ပဲလို့ပြောနေတဲ့လူက ရှိသေးတယ်၊
(၃)
ရွာမှာတုန်းက
လယ်လုပ် ထွန်ချ
ကောင်စိုက်သမ စာလိုက်ပေးတဲ့ရွှေ
မြေသယ် အလုပ်ကြမ်း
ကူလီထမ်းတဲ့ ရွှေ၊
တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်
အလုပ်မရှိ လူပုံအလယ်မှာ
အာစင်နယ် လီဗာပူး
ကမ္ဘာ့ဖလား ရူးတဲ့ရွှေ၊
ဝမ်းစာရှာ လိုက်သွားရင်း
လမ်းတကာ ဆိုက်ကားနင်း
နှလုံးထီ အတင်းထိုးတဲ့ ရွှေ၊
အလုပ်က အပြန်
လည်ကတုံး ခေါက်ရိုး
ရွှေကသစ် ပုဆိုးနဲ့
အိတ်ကပ်ထဲ ဘောပင်ထိုး
လိုင်းကားတိုးစီးတဲ့ ရွှေ၊
နေအထွက်မှာ
ရွှေခွက်နဲ့
ရေအပြည့် ခပ်ပေးပါ ဆိုပြီး
နေအ၀င်မှာ လေချဉ်လို့
ငွေခင်တို့ အပေါင်ဆိုင်ရောက်တဲ့ ရွှေ၊
သူသူငါငါ အောင်လက်မှတ်
ခြူခြူချာချာ ဘောင်နဲ့ညှပ်ပြီး
နံရံမှာ အလှချိပ်
ဟန်ပြသိပ်ကောင်းတဲ့ ရွှေ၊
(၄)
ကိုယ့်ထမင်း ကိုယ်စား
ကိုယ့်တရား ကိုယ်ပွားနေတုန်း
အေဂျင့်ပွဲစား ဗြုန်းကနဲရောက်လာ
အလုပ်က အငြိမ်ဇယား
အိုတီက ခပ်များများတဲ့
ခပ်ပါးပါးလေး ပုတ်လိုက်တော့
လုပ်လိုက်ဟဲ့
ဟုတ်လိုက်တဲ့ မလေးရှား
သုံးနှစ်လေးများ ဘာကြာမှတ်လို့၊
အဲဒီလို
ဂေါ်ဖီတွေစားပြီး
တော်ကီတွေပွားတဲ့ ခေတ်မှာ
အိုးပစ် အိမ်ပစ် သားပစ် မယားပစ်နဲ့
သဌေးသိပ်ဖြစ်ချင်တဲ့ ရွှေ
လယ်ယာ ကုန်းကျင်း
နှစ်ဆယ် အတိုး စာရင်းနဲ့
အေဂျင့်လက် အပ်နှင်းပြီး
အကြွေးဇယား ခင်းလာတဲ့ ရွှေ၊
ကြောင်လျှာသီးနဲ့ ဓာတ်ပုံရိုက်
ပတ်စ်ပို့ပုံ ခပ်မိုက်မိုက်
ဆွေမျိုးတစ်သိုက် နှုတ်ဆက်
လေယာဉ်ပေါ် မတက်ခင်
စိတ်ကူးတွေ ယာဉ်
ဟိုရောက်ရင် ဘာညာဘာညာ
စကားလုံးတွေ နင်လာတဲ့ ရွှေ၊
အဲဒီ ရွှေ တွေ
မလေးရှား ရောင်တော့
-ီး ပဲပေါ့တွေ ဖြစ်ကုန်ရော၊
(၅)
ရောက်လေရာ အရပ်မှာ
ဇေယျဝတီ အဆီစပ်
ဘီအီးတွေနဲ့ မွန်းကြပ်လာတဲ့ ရွှေ
ဝေတေတေ ၀ါးတားတား
မလေးရှား ရောက်လာတော့
ယိုးဒယားသံဇဉ် ခံစား
ကျန်ကွေ့နဲ့ နှစ်ပါးသွားရင်း
ပြန်တွေ့မယ့် မယားသားချင်းကို မေ့နေလေရဲ့၊
မြန်မာပြည်မှာ တောသား
မလေးရှားမှာ ချောသလား မမေးနဲ့
ဟန်းဖုန်း ခါးကပ်
ဒန်းဟေးလ် လက်ကြားညှပ်
သူ့စိတ်ထဲ အမေရိကားမှတ်ပြီး
ကြောင်တောင်တောင် ကျားတားတား
ဘေအင်္ကျီ တကားကားနဲ့
ပါစာမာလန်းမှာ
ဖွန်ကြောင်ရင်း လမ်းသလားတဲ့ ရွှေ၊
မြန်မာပြည်မှာ ကြက်အသဲ
မလေးရှားမှာ ၀က် အမဲ
ရွှေတွေစားတဲ့ ၀ှက်ဖဲ
တိတ်တိတ်ကလေး ပွတ်ဆွဲကြည့်တော့
တစ်ကီလို နှစ်ကျပ်နဲ့
အမှတ်တမဲ့ဆွဲလာတဲ့ ကြက်မြစ်ကြက်သဲ
ဆီအုန်းတော အစပ်က
ရေသွယ်မြောင်း ညစ်ထပ်ထပ်မှာ
အစာတပ်ပြီး မျှားလာတဲ့ငါး၊
ဟိုခြုံဒီကြား ၀င်သွားတိုးလျှောက်
သေးပေါက်ရင်း ခူးကောက်လာတဲ့
ကန်စွန်းရွက်၊
ခွာလှီးထောင်း ရောမွှေ
ရေနည်းနည်း ထည့်
အဲဒါ မလေးရှားရောက်တဲ့ ခင်ဗျားတို့ ရွှေ ပါဗျာ၊
(၆)
စိတ်ကူးနဲ့ မျှော်လင့်ချက်
လက်တွေ့မကျတဲ့ မနက်မှာ
ဖက်တွယ်စရာ ဖွေရှာတော့
jack pot နဲ့ ToTo
ဆက်ဆော့တဲ့ ရွှေကို
ဘာလိုလိုနဲ့ ကုန်ပေါင်းလည်းများပြီ၊
ရောက်တုန်း ရောက်ခိုက်
ခပ်တည်တည် သဌေးဆိုဒ်
ရွှေဆိုတဲ့ကောင်တွေ တောဂိုက်နဲ့
KLCC ရှေ့ ဓာတ်ပုံရိုက် အိမ်ကိုပြန်ပို့လိုက်တော့
ရွာကကောင်တွေ လာချင်အုန်းပေါ့၊
သူဌေးမကောင်း
အလုပ်ပြောင်းတော့ အိုဗာစတေးလို့ ခေါ်တာပေါ့
passport မပါ ငွေဗလာနဲ့
ရဲတွေ့တော့ ပြာတာတာ
ပေးစရာငွေမရှိ ပြေးစရာမြေမသိ
ဒါတွေရှိတယ်ဆိုတာ မယုံရင်လာကြည့်လိုက်။
(၇)
မလေးရှာမှာ အလုပ်မကောင်းပေမဲ့
သရုပ်ပြောင်းတဲ့ ရွှေ
အိုဗာတိုင် မရပေမယ့်
Joker ထိုင်ချတဲ့ ရွှေ
တစ်ရက်မကူးခင် စပ်ကြားမတ်ကြား
အရက်မူးရင် ရှပ်ပါးကပ်ပွားတဲ့ ရွှေ
ရွှေ ရွှေ ရွှေ
တစ်ရွှေတည်း ရွှေတဲ့ခေတ်မှာ
ကျုပ်လဲ အဲဒီထဲက ရွှေ၊
အဲဒီလိုနဲ့
သုံးနှစ်တာကာလ လွန်မြောက်
ပြန်ချိန်ရောက်လာတော့
ကသုတ်ကယက်နဲ့ ရုတ်တရက်ခွဲကြ
နှုတ်ဆက်ပွဲ နွှဲကြ
တကတည်းမှ
သူတို့ကိုယ်သူတို့ နွံနစ်လို့နစ်မှန်းမသိ
ကျွန်ဖြစ်လို့ ဖြစ်မှန်းမသိတဲ့ ရွှေ၊
ကဲလေ ထားလိုက်ပါတော့
ဒါတွေပြောရင် ဒေါတွေပါတယ်
ပြောနေတာကြာတယ်
ရွှေ ဆိုတာ ပြယုဂ်
ငွေဆိုတာမှ ဟုတ်တဲ့လောကမှာ
ပြောပြစရာ အဖြစ်
သောကကဗျာ အချစ်ထဲ
ဗုဒ္ဓ ဘဂ၀ါ ရစ်ဝဲတော့
သြော် ဒါတွေဟာ ဖြစ်ပျက်တွေပဲပေါ့၊
(၈)
ပြက္ခဒိန်
ရက်အချိန် ဇယားတွေ
တစ်ကွက်ပြီး တစ်ကွက်ရွေ့လျှား
သုံးနှစ်တာ မလေးရှားခရီးမှာ
ပြုံးပစ်ခွာ အကြွေးများ ပြီးပြတ်ရန်
ကိုယ့်ကိုယ်ကို တန်ဖိုးထား
အရိုးသားဆုံး စိတ်ကိုသွင်း
အားမာန်အပြည့် ချီတက်ရင်းနဲ့
ပစ္စုပ္ပန်ကို တည့်တည့်တိုး
မနက်ဖြန်ဆိုတဲ့ မိုးတွေကလည်း သည်းနေဦးမှာ၊
ကဲ...ရွှေမြန်မာတို့ရေ
ရင်ဘတ်ကိုဖြန့်ခင်းပြီး နှလုံးသွေးနဲ့ ရေးခြစ်လိုက်တဲ့
ဟောဒီကဗျာ အက္ခရာတွေကို ဖတ်ရှု မှတ်ပြုပြီး နှလုံးသွင်း
ကဗျာဖတ်မပျက် ရှေ့ဆက်ရင်း
မင်းတို့တွေ အသက်ပြင်းနိုင်ကြပါစေ။ ။
အမောင်